မှတ်မှတ်ရရဗျာ ။ 15.1.2011 (sat) နေ့က MNL Grand Royal 2011 ဘောလုံးပြိုင်ပွဲ
ဖွင့်ပွဲနေ့ပေါ့ဗျာ ။ ဘောလုံးပွဲသွားမကြည့်တာနှစ်နဲ့ချီပြီးကြာနေပြီမို့ သုဝဏ္ဏဘောလုံးကွင်းကို
ယောင်မှားပြီးရောက်သွားမိတယ် ။ ၀င်ပေါက်ရောက်တော့ ပရိတ်သတ်တွေကြိတ်ကြိတ်တိုး
နေတော့ ကျွန်တော်တို့သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ပြုံးမိကြတယ် ။
ဖွင့်ပွဲနေ့မို့ ဖျော်ဖြေရေးရှိလို့ လာကြည့်တဲ့သူတွေများတယ်ပေါ့ ။ တကယ်တမ်းအနားရောက်
တော့မှ အထင်နဲ့အမြင်ကိုလွဲတော့တာပါပဲ ။ ဖွင့်ပွဲနေ့မို့လို့တော့ ဟုတ်တယ် ။ ဒါပေမယ့်
အလကားပေးဝင်နေတာမို့ လူတွေက ကြိတ်ကြိတ်တိုးနေတာပါ ။ ဒါကိုမသိတဲ့ကျွန်တော်တို့
ကတော့ လက်မှတ်တစ်ဆောင်တစ်ထောင်ပေးပြီး အလကားဝင်နေတဲ့သူတွေကြားမှာ တိုးဝှေ့
ရင်း အထဲကို ၀င်ဖို့ကြိုးပမ်းရတာပေါ့ ။ ဒီအတိုင်းဝင်ရင် တော်တော်နဲ့ရောက်မှာမဟုတ်တာနဲ့
ကြားဖြတ်ဝင်ရတာပေါ့ ။ အဲဒီမှာ လူအုပ်ထဲကနေ ဦးလေးကြီးတစ်ယောက်ကပေါ်တင်ကြီးကို
၀င်ဟောက်တော့တာပါပဲ ။ ပြောတာတွေကလည်းစုံနေတာပါပဲ ။ မရှက်ဘူးလားတွေကော ။
ယောကျာ်းလေးတွေဖြစ်ပြီးတော့ ကြားဖြတ်ရလား တွေကော ။ အလကားပေးပြနေတာကို
တန်းမစီတာ အခြောက်တွေလား တွေကော ။ စုံနေတာပါပဲ ။ ကျွန်တော်တို့မှာ လက်မှတ်ပဲ
ထုတ်ပြရနိုးနိုး ၊ ဟိုးနောက်ဆုံးမှာပဲ သွားတန်းစီရကောင်းနိုးနိုးနဲ့ပဲ တောင်ယောင်ယောင် ၊
မြောက်ယောင်ယောင်နဲ့ ပိုက်ဆံလည်းကုန် ၊ အဟောက်လည်းခံရင်းနဲ့ ကွင်းထဲကိုလူတိုးခံပြီး
ရောက်လာပါရော ။ အထဲလည်းရောက်ကော ကျွန်တော်တို့က ရန်ကုန်ပရိတ်သတ်ဆိုတော့
ရန်ကုန်ဘက်အခြမ်းမှာထိုင်တာပေါ့ ။ ရန်ကုန်ယူနိုက်တက်က အိမ်ကွင်းဆိုတော့ ပရိတ်သတ်
တွေက ရန်ကုန်ယူနိုက်တက်ဘက်အခြမ်းမှာ အပြည့်ပါပဲ ။ ဟိုဘက်က ဧည့်သည် နေပြည်တော်
အသင်းဘက်အခြမ်းမှာတော့ ပရိတ်သတ်သိပ်မရှိပဲ ပွဲစခါနီးတော့မှ ကျောင်းစိမ်းတွေနဲ့
ကျောင်းသားကျောင်းသူတွေ ကျောင်းကအစီအစဉ်နဲ့ရောက်လာကြတာတွေ့ရပါတယ် ။
ဘောလုံးပွဲတွေကိုကြည့်ရင် အခြားနိုင်ငံတွေတော့ မသိဘူး ။ ကျွန်တော်တို့မြန်မာနိုင်ငံကတော့
ထူးခြားပါတယ် ။ အဲဒါကတော့ ဆဲဆိုခြင်းပါပဲ ။ ဘောလုံးပွဲကို အားမလိုအားမရဖြစ်လို့ ၊ ကိုယ်
အားပေးတဲ့အသင်းက အသုံးမကျလို့ ၊ ဆိုရင်တစ်မျိုးပေါ့ ။ အခုဟာက အသားလွတ်ကြီးကိုဆဲ
နေတာပါ ။ ကျွန်တော်လည်းဘောလုံးပွဲ တော်တော်များများကို T.V မှာကြည့်ဖူးပါတယ် ။ အာရှ
ပွဲကော ၊ ဥရောပပွဲပါ လေ့လာကြည့်ပါ ။ အလကားနေဆဲဆိုနေတာ ကျွန်တော်တို့ မြန်မာနိုင်ငံက
ပရိတ်သတ်တွေပဲရှိတာပါ ။ နောက်အဆိုးဝါးဆုံးအချက်ကတော့ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခြင်း
ပါပဲ ။ အရင်တုန်းက ကွင်းထဲကိုပဲ ပေါက်တယ်လို့ ထင်ခဲ့တာပါ ။အခုဟာက ပရိတ်သတ်ထဲမှာ
အချင်းချင်းကို ပေါက်နေတာပါ ။ အရှေ့ပရိတ်သတ်က မထိုင်လို့ဆိုပြီးရေထုပ်နဲ့ပေါက်တာနဲ့ ။
အလကားနေရင်း နေကြာစိခွံတွေကို ပရိတ်သတ်တွေရဲ့ခေါင်းပေါ်ပစ်ချတာနဲ့ ၊ ရုပ်အဆိုးဆုံး
ကတော့ ကွမ်းတံတွေးထုပ်နဲ့ ပေါက်တာပါပဲ ။ ဒါဟာအတော်ကို ရိုင်းစိုင်းတဲ့ကိစ္စပါ ။ အလွန်
ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်နေစိတ်ထားတွေ ဘယ်ဆီမှာ လွင့်ဝဲကုန်ပါပြီလဲ ။
အလွန်စံထားလောက်တဲ့ လူမှုရေးစိတ်ဓာတ်တွေရော ။ ဘောလုံးပွဲကြည့်ရင်း စိတ်အပန်းဖြေတာ
ဆိုပေမယ့် အတိုင်းအတာတစ်ခုပဲ ကောင်းပါတယ် ။ အဲဒီထက်လွန်သွားရင် ရမ်းကားမှုဖြစ်သွား
ပါလိမ့်မယ် ။ ကျွန်တော်တို့ မြန်မာဘောလုံးအသင်းကို အောင်မြင်စေချင်ကြပါတယ် ။ ဒါပေမယ့်
အခုချိန်ထိ မြင်ချင်တဲ့ အတိုင်းအတာတစ်ခုကို မရောက်သေးတာကို အားမလိုအားမရဖြစ်နေတာ
ကတော့ ကျွန်တော်အပါအဝင် မြန်မာဘောလုံးပရိတ်သတ်ထုကြီးတစ်ခုလုံးပါပဲ ။ ဒါပေမယ့်
ကျွန်တော်က ဘောလုံးကွင်းမှာကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးနေကျတဲ့ မြန်မာ့
ဘောလုံးပရိတ်သတ်ကြီးကိုလည်း အားမရတာတော့အမှန်ပါ ။ အခုလိုအားပေးပုံမျိုးကို ကမ္ဘာက
မြင်ရင် ဘယ်လိုပြောကြမလဲ ။ မြန်မာဘောလုံးအသင်းကို ဘယ်လိုမြင်မလဲ ။ မြန်မာလူမျိုးတွေ
ကို ဘယ်လိုထင်မလဲ ။ မြန်မာဘောလုံးအသင်းရဲ့ကစားပုံအဆင့်မမှီတာထက် ပရိတ်သတ်ရဲ့
အားပေးပုံအဆင့်မမှီတာက ပိုရှက်ဖို့ကောင်းပါလိမ့်မယ် ။ နိုင်ငံတကာအဆင့်မှီဘောလုံးကွင်းတွေ
ဆောက်ပြီး ပရိတ်သတ်ကအဆင့်မမှီရင်ဘယ်လိုလုပ်မလဲ ။ ဒီလိုပုံစံတွေနဲ့ ဘောလုံးပွဲတွေကို
အိမ်ရှင်အဖြစ်ဘယ်လိုကျင်းပမလဲ ။ တွေးကြည့်ရင်နဲ့ မောမိပါတယ်ဗျာ ။ ကွက်လပ်တွေကတော့
ဖြည့်ဖို့ အတော့်ကို အချိန်ယူဦးမယ် ထင်ပါရဲ့ဗျာ ။
original author : La yeik
original links : mushinron
That’s why i hate to watch MM matches @ stadium.