လစ်လပ်နေဆဲ ကွက်လပ်များ

မှတ်မှတ်ရရဗျာ ။ 15.1.2011 (sat) နေ့က MNL Grand Royal 2011 ဘောလုံးပြိုင်ပွဲ

ဖွင့်ပွဲနေ့ပေါ့ဗျာ ။ ဘောလုံးပွဲသွားမကြည့်တာနှစ်နဲ့ချီပြီးကြာနေပြီမို့ သုဝဏ္ဏဘောလုံးကွင်းကို

ယောင်မှားပြီးရောက်သွားမိတယ် ။ ၀င်ပေါက်ရောက်တော့ ပရိတ်သတ်တွေကြိတ်ကြိတ်တိုး

နေတော့ ကျွန်တော်တို့သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ပြုံးမိကြတယ် ။

ဖွင့်ပွဲနေ့မို့ ဖျော်ဖြေရေးရှိလို့ လာကြည့်တဲ့သူတွေများတယ်ပေါ့ ။ တကယ်တမ်းအနားရောက်

တော့မှ အထင်နဲ့အမြင်ကိုလွဲတော့တာပါပဲ ။ ဖွင့်ပွဲနေ့မို့လို့တော့ ဟုတ်တယ် ။ ဒါပေမယ့်

အလကားပေးဝင်နေတာမို့ လူတွေက ကြိတ်ကြိတ်တိုးနေတာပါ ။ ဒါကိုမသိတဲ့ကျွန်တော်တို့

ကတော့ လက်မှတ်တစ်ဆောင်တစ်ထောင်ပေးပြီး အလကားဝင်နေတဲ့သူတွေကြားမှာ တိုးဝှေ့

ရင်း အထဲကို ၀င်ဖို့ကြိုးပမ်းရတာပေါ့ ။ ဒီအတိုင်းဝင်ရင် တော်တော်နဲ့ရောက်မှာမဟုတ်တာနဲ့

ကြားဖြတ်ဝင်ရတာပေါ့ ။ အဲဒီမှာ လူအုပ်ထဲကနေ ဦးလေးကြီးတစ်ယောက်ကပေါ်တင်ကြီးကို

၀င်ဟောက်တော့တာပါပဲ ။ ပြောတာတွေကလည်းစုံနေတာပါပဲ ။ မရှက်ဘူးလားတွေကော ။

ယောကျာ်းလေးတွေဖြစ်ပြီးတော့ ကြားဖြတ်ရလား တွေကော ။ အလကားပေးပြနေတာကို

တန်းမစီတာ အခြောက်တွေလား တွေကော ။ စုံနေတာပါပဲ ။ ကျွန်တော်တို့မှာ လက်မှတ်ပဲ

ထုတ်ပြရနိုးနိုး ၊ ဟိုးနောက်ဆုံးမှာပဲ သွားတန်းစီရကောင်းနိုးနိုးနဲ့ပဲ တောင်ယောင်ယောင် ၊

မြောက်ယောင်ယောင်နဲ့ ပိုက်ဆံလည်းကုန် ၊ အဟောက်လည်းခံရင်းနဲ့ ကွင်းထဲကိုလူတိုးခံပြီး

ရောက်လာပါရော ။ အထဲလည်းရောက်ကော ကျွန်တော်တို့က ရန်ကုန်ပရိတ်သတ်ဆိုတော့

ရန်ကုန်ဘက်အခြမ်းမှာထိုင်တာပေါ့ ။ ရန်ကုန်ယူနိုက်တက်က အိမ်ကွင်းဆိုတော့ ပရိတ်သတ်

တွေက ရန်ကုန်ယူနိုက်တက်ဘက်အခြမ်းမှာ အပြည့်ပါပဲ ။ ဟိုဘက်က ဧည့်သည် နေပြည်တော်

အသင်းဘက်အခြမ်းမှာတော့ ပရိတ်သတ်သိပ်မရှိပဲ ပွဲစခါနီးတော့မှ ကျောင်းစိမ်းတွေနဲ့

ကျောင်းသားကျောင်းသူတွေ ကျောင်းကအစီအစဉ်နဲ့ရောက်လာကြတာတွေ့ရပါတယ် ။

ဘောလုံးပွဲတွေကိုကြည့်ရင် အခြားနိုင်ငံတွေတော့ မသိဘူး ။ ကျွန်တော်တို့မြန်မာနိုင်ငံကတော့

ထူးခြားပါတယ် ။ အဲဒါကတော့ ဆဲဆိုခြင်းပါပဲ ။ ဘောလုံးပွဲကို အားမလိုအားမရဖြစ်လို့ ၊ ကိုယ်

အားပေးတဲ့အသင်းက အသုံးမကျလို့ ၊ ဆိုရင်တစ်မျိုးပေါ့ ။ အခုဟာက အသားလွတ်ကြီးကိုဆဲ

နေတာပါ ။ ကျွန်တော်လည်းဘောလုံးပွဲ တော်တော်များများကို T.V မှာကြည့်ဖူးပါတယ် ။ အာရှ

ပွဲကော ၊ ဥရောပပွဲပါ လေ့လာကြည့်ပါ ။ အလကားနေဆဲဆိုနေတာ ကျွန်တော်တို့ မြန်မာနိုင်ငံက

ပရိတ်သတ်တွေပဲရှိတာပါ ။ နောက်အဆိုးဝါးဆုံးအချက်ကတော့ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခြင်း

ပါပဲ ။ အရင်တုန်းက ကွင်းထဲကိုပဲ ပေါက်တယ်လို့ ထင်ခဲ့တာပါ ။အခုဟာက ပရိတ်သတ်ထဲမှာ

အချင်းချင်းကို ပေါက်နေတာပါ ။ အရှေ့ပရိတ်သတ်က မထိုင်လို့ဆိုပြီးရေထုပ်နဲ့ပေါက်တာနဲ့ ။

အလကားနေရင်း နေကြာစိခွံတွေကို ပရိတ်သတ်တွေရဲ့ခေါင်းပေါ်ပစ်ချတာနဲ့ ၊ ရုပ်အဆိုးဆုံး

ကတော့ ကွမ်းတံတွေးထုပ်နဲ့ ပေါက်တာပါပဲ ။ ဒါဟာအတော်ကို ရိုင်းစိုင်းတဲ့ကိစ္စပါ ။ အလွန်

ယဉ်ကျေးသိမ်မွေ့တဲ့ မြန်မာလူမျိုးတွေရဲ့ စိတ်နေစိတ်ထားတွေ ဘယ်ဆီမှာ လွင့်ဝဲကုန်ပါပြီလဲ ။

အလွန်စံထားလောက်တဲ့ လူမှုရေးစိတ်ဓာတ်တွေရော ။ ဘောလုံးပွဲကြည့်ရင်း စိတ်အပန်းဖြေတာ

ဆိုပေမယ့် အတိုင်းအတာတစ်ခုပဲ ကောင်းပါတယ် ။ အဲဒီထက်လွန်သွားရင် ရမ်းကားမှုဖြစ်သွား

ပါလိမ့်မယ် ။ ကျွန်တော်တို့ မြန်မာဘောလုံးအသင်းကို အောင်မြင်စေချင်ကြပါတယ် ။ ဒါပေမယ့်

အခုချိန်ထိ မြင်ချင်တဲ့ အတိုင်းအတာတစ်ခုကို မရောက်သေးတာကို အားမလိုအားမရဖြစ်နေတာ

ကတော့ ကျွန်တော်အပါအဝင် မြန်မာဘောလုံးပရိတ်သတ်ထုကြီးတစ်ခုလုံးပါပဲ ။ ဒါပေမယ့်

ကျွန်တော်က ဘောလုံးကွင်းမှာကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးနေကျတဲ့ မြန်မာ့

ဘောလုံးပရိတ်သတ်ကြီးကိုလည်း အားမရတာတော့အမှန်ပါ ။ အခုလိုအားပေးပုံမျိုးကို ကမ္ဘာက

မြင်ရင် ဘယ်လိုပြောကြမလဲ ။ မြန်မာဘောလုံးအသင်းကို ဘယ်လိုမြင်မလဲ ။ မြန်မာလူမျိုးတွေ

ကို ဘယ်လိုထင်မလဲ ။ မြန်မာဘောလုံးအသင်းရဲ့ကစားပုံအဆင့်မမှီတာထက် ပရိတ်သတ်ရဲ့

အားပေးပုံအဆင့်မမှီတာက ပိုရှက်ဖို့ကောင်းပါလိမ့်မယ် ။ နိုင်ငံတကာအဆင့်မှီဘောလုံးကွင်းတွေ

ဆောက်ပြီး ပရိတ်သတ်ကအဆင့်မမှီရင်ဘယ်လိုလုပ်မလဲ ။ ဒီလိုပုံစံတွေနဲ့ ဘောလုံးပွဲတွေကို

အိမ်ရှင်အဖြစ်ဘယ်လိုကျင်းပမလဲ ။ တွေးကြည့်ရင်နဲ့ မောမိပါတယ်ဗျာ ။ ကွက်လပ်တွေကတော့

ဖြည့်ဖို့ အတော့်ကို အချိန်ယူဦးမယ် ထင်ပါရဲ့ဗျာ ။

 

 

original author : La yeik

original links : mushinron

Comments


One Response to “လစ်လပ်နေဆဲ ကွက်လပ်များ”

Leave a Reply

XHTML: You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>